Chapter 14
ယမင်းမေနဲ့ တွေ့ဆုံမှု
လှည်းတန်းကတော့ လှည်းတန်းပါပဲ။
ဦးထွန်းလင်းခြံလမ်းထဲမှာ ဘယ်နားထိုင်ရင် ကောင်းမလဲ စဉ်းစားနေဆဲ ကျွန်တော်။
ထုံစံအတိုင်း ထိုင်နေကျ Ko San ကိုပဲ ရောက်သွားပါရော။ Ko San က ဂျပန်နိုင်ငံသားပိုင်ဆိုင်ဆိုတာ သိတဲ့သူနည်းပါတယ်။ ကျွန်တော်တို့လို ရှေ့မှီနောက်မှီတွေပဲ သိတာများတယ်။ လှည်းတန်းက Ko San ကတော့ ရှေ့မှာ ခုံ ၄ ခုံ ချလို့ရတယ်။ ဟိုးရှေ့လဲ မရောက်ချင် စော်လဲ ငမ်းချင်တဲ့ ကျွန်တော်တို့ကတော့ ဒုတိယတန်းက ခုံမှာ ထိုင်လေ့ရှိတယ်။
နေ့လည်ဆိုတော့ လူနည်းသေးတယ်။ ကျွန်တော်လဲ ဒုတိယတန်း အပေါ်ဘက်က ခုံမှာ ထိုင်ပြီး စော်ငမ်းဖို့ ပြင်လိုက်တယ်။ Screwdriver cocktail တစ်ခွက်မှာပြီး ထိုင်နေလိုက်တယ်။
“ဟော လုံခြည်နီနဲ့ ကောင်မလေး”
စောစောက ကျွန်တော် ဗွက်ရေ စင်ခဲ့တဲ့ ကလေးမက သူသွားရမယ့်နေရာကို မသွားတော့ဘူးလား မသိ။ Ko San ထဲကို ဝင်လာတာတွေ့တယ်။ အထဲထိ ဝင်သွားပြီး အစားအသောက် မှာနေတာလားမသိ။ ကျွန်တော်လဲ ကိုယ်သောက်စရာ ရှိတာ သောက်နေရင်း ရုတ်တရက် ကျွန်တော့စားပွဲမှာ သူကလဲ ဝင်ထိုင်လိုက်တယ်။
“ဒီမှာပဲ ထိုင်မယ်၊ ရှင် ကျွန်မထဘီကို ရေစိုအောင် လုပ်ထားတာ၊ ဒါတော့ ခွင့်ပြုပေး”
ဒီကောင်မလေး ရဲလှချည်လား။ တကယ်တော့ Ko San ကလဲ ညနေဘက်မှ အောက်က ခုံ ၂ ခုကို ဖွင့်ပေးတာ၊ မဟုတ်ရင် ကျွန်တော်ထိုင်နေတဲ့ ဒုတိယအဆင့်က ၂ ခုံပဲ ရတာ။ ဟိုဘက်မှာက Group တစ်ခု ထိုင်နေတော့ ၁ ယောက်တည်းရှိနေတဲ့ ကျွန်တော့်ခုံကတော့ ထိုင်လို့ ပိုကောင်းတာပေါ့။
“ထိုင်ပါဗျာ ထိုင်ပါ”
ပြောလိုက်ပြီး ကျွန်တော်ကောင်မလေးကို အကဲခတ်မိတယ်။ အသားဖြူဖြူ အရပ်ကတော့ ပုံမှန်အရပ်နဲ့၊ ခန္ဓာကိုယ်ကလဲ အပေါ်ပိုင်း ပုံမှန်ပါပဲ။ သူ့မှာ ထူးခြားတာကတော့ ကားစွင့်နေတဲ့ တင်တွေ ဖြစ်မယ်။ ထဘီ အနီလေးအောက်က ရုန်းကြွနေတဲ့ တင်ပါးတွေက သားကောင်းမိခင် ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
“ဘာကြည့်တာလဲ”
“အမယ် ခင်ဗျားက ကျွန်တော့်ခုံ လာထိုင်တာလေ၊ အကြည့်မခံချင်ရင် တခြားခုံသွား”
“ကြည့်မယ်ဆိုလဲ ခွင့်တောင်းပြီးကြည့် အကုန်ပြမယ်”
အမယ် ဒီကောင်မလေးကလဲ ပြောရဲဆိုရဲဗျ။ အကုန်တောင် ပြဦးမတဲ့။ အကုန်ပြလို့ကတော့ ကျွန်တော်ကလဲ ကြည့်ချင်ပဗျာ။
“ခွင့်တောင်းတယ်ဗျာ ကြည့်လို့ရမလား”
“ကြည့် ကြည့်”
မျက်စောင်းထိုးပြီး မျက်နှာလွှဲသွားတဲ့ ကောင်မလေးကို သေချာကိုကြည့်ပေးလိုက်ပါတယ်။
“နာမည်ဘယ်လိုခေါ်လဲ”
“ယမင်းမေ၊ ရှင့်နာမည်ကရော”
“လင်းထက်ကျော်”
“အွန် အလင်းထက်တောင် ကျော်သေးတယ်ဆိုပဲ”
လာပြန်ပြီ နောက်တစ်ယောက်။ ကျွန်တော် ဆုဝေကို သတိရသွားပါတယ်။ ကျွန်တော့်နာမည်ကို ဆုဝေ စကြားတုန်းကလဲ ဒီလိုပဲပြောခဲ့တာပဲမလား။ အခုဆို ဆုဝေက ကျွန်တော့်အနား မရှိတော့ဘူး။
“ရှင်ကလဲ နောက်တာကို မျက်နှာက ဖြစ်သွားလိုက်တာ”
ကိုယ့်ဟာကိုယ် ဆုဝေကို သတိရသွားပြီး မျက်နှာညိုသွားတာကို ယမင်းမေ က သူ့ကြောင့်လို့ ထင်ပြီး ပြောလိုက်တာပါ။
“မဟုတ်ပါဘူး ကျွန်တော့ကိစ္စနဲ့ ကျွန်တော်ပါ”
“ဘာလဲ ရည်းစားဟောင်းကို သတိရသွားတာလား၊ လင်ယူသွားလို့လား”
သူပစ်လိုက်တာ တည့်တည့်ကြီး ထိသွားပါတယ်။
“ ၂ ခုလုံးပဲဗျာ”
“အော် ရှင့်ဘဝကလဲ၊ ကဲ ဒါဆိုလဲ ပြောမယ့်သူမရှိရင် ကျွန်မကိုသာ ပြောတော့”
ကျွန်တော်ကလဲ ရင်ဖွင့်ချင်နေတာနဲ့ အတော်ပါပဲ။ ဆုဝေနဲ့ အကြောင်းတွေကို 18+ တစ်တစ်ခွခွတွေကိုတော့ ချန်ထားခဲ့ပြီး ပြောပြဖြစ်လိုက်တယ်။ လူကလဲ Skewdriver အစွမ်းနဲ့ တဖြည်းဖြည်းမူးနေပြီဆိုတော့ ခံစားခဲ့ရသမျှကို ရင်ဖွင့်ရင်း မျက်ရည်တွေ ဘာတွေတောင် ဝဲလာလိုက်သေးတယ်။
ညနေတောင် စောင်းလာပြီ။ လှည်းတန်းရဲ့ ထုံးစံအတိုင်း ညနေစောင်းလေ လူပိုများလာလေ၊ ဦးထွန်းလင်းခြံလမ်းထဲမှာလဲ တဖြည်းဖြည်း ပြည့်ကျပ်လာပါတယ်။ သောက်ထားတဲ့ Skewdriver နဲ့ ယမင်းမေ သောက်နေတဲ့ cocktail ခွက်တွေလဲ တဖြည်းဖြည်း များလို့လာတယ်။ ၂ ယောက်လုံးလဲ နည်းနည်း မူးနေကြပါပြီ။ ယမင်းမေကလဲ ဘာစိတ်ညစ်စရာရှိတယ်မသိ၊ ကျွန်တော်ပြောသမျှ နားထောင်ရင်း ကျွန်တော့ကိုလဲ တစ်ခွန်းမှ ပြန်မပြောဘဲနဲ့ cocktail ပဲ ဖိသောက်နေတယ်။
ဆုဝေရဲ့ မွေးနေ့ နောက်နေ့မနက်ထိ ပြောပြီးတော့မှ ယမင်းမေက တစ်ခွန်းထပြောတယ်။
“ရှင့်ဟာကလဲ ဟုတ်လို့လားရှင်၊ ကောင်မလေး ချောချောလေး ၂ ယောက်နဲ့ တစ်ခါတည်း အတူတူ အိပ်ခဲ့ရတယ်ဆိုတာက စိတ်ကူးမယဉ်လွန်းဘူးလား”
“မယုံလဲ နေတော့ဗျာ မပြောတော့ဘူး”
“ဟဟ စိတ်ကြီးပဲ ရှင်ကလဲ၊ ယုံပါတယ်ရှင် ကဲကဲ ဆက်ပြော ကျွန်မလဲ စိတ်ဝင်စားတယ် ရှင်လဲ စိတ်ပေါ့တာပေါ့”
စိတ်ပဲ ပေါ့မလား အမှတ်တရတွေကို သတိရပြီးပဲ သေချင်စိတ်ပိုပေါက်မလားတော့ မသိ၊ မူးကလဲ မူးနေ ယမင်းမေကလဲ တိုက်တွန်းတာမို့ ဆက်ပြောပြဖြစ်လိုက်တယ်။