DDemon logoDDemon

Chapter 1

Chapter 1

“ဆုဝေ ယောက်ျားယူတော့မယ် အကို ဆုဝေကို မေ့လိုက်ပါတော့”

“ဘာပြောတယ်”

ကျွန်တော့ ကောင်းကင်ကြီး ပြိုကျသွားသလို ရုတ်တရက်ခံစားလိုက်ရတယ်။ တကယ်ကို အရုပ်ကြိုးပြတ်။

လက်ထဲက ဖုန်းကိုချလိုက်ပြီး လှည့်ထွက်ခဲ့လိုက်တယ်။ လမ်းဘေးဖုန်းဆိုင်တွေ ခေတ်စားတဲ့ ကာလဆိုတော့ ဖုန်းဆိုင်က အန်တီကြီး အနောက်ကနေ လိုက်အော်ပြီး ပိုက်ဆံတောင်းတဲ့အသံကိုလဲ ကြားတစ်ချက် မကြားတစ်ချက်နဲ့။ 

ဦးတည်ရာမဲ့ လျှောက်လာခဲ့မိလိုက်တာ သတိရလို့ ကြည့်လိုက်တော့ ရွှေဘုံသာလမ်းထိပ်တောင် ရောက်နေပါရော။

ငါဒီလို လျှောက်နေလို့တော့ မဖြစ်ဘူး ဆိုပြီး ထိုးရပ်လာတဲ့ လိုင်းကားပေါ် ပြေးတက်လိုက်တယ်။

တော်ပါသေးရဲ့ အိပ်ကပ်ထဲ နှိုက်ကြည့်တော့ လက်ထဲမှာ အကြွေတစ်ချို့ ပါလာလို့။

ဘတ်စ်ကားက နေ့လည်ဘက်ဆိုတော့ လူရှင်းပြီး ထိုင်ခုံတွေ ရှိနေတယ်။ နောက်နားခပ်ကျကျ ခုံတစ်လုံးမှာ ထိုင်ပြီး မှန်ကို ခေါင်းနဲ့တိုက်ရင်း အပြင်ဘက် မြင်ကွင်းတွေကို ငေးကြည့်နေမိတယ်။

ရန်ကုန်မြို့ကြီးရဲ့ ရှုပ်ယှက်ခက်နေတဲ့ ကားတွေ၊ လူတွေ၊ လမ်းဘေးဈေးသည်တွေက ကျွန်တော့မြင်ကွင်းထဲ ဖြတ်သွားနေပေမယ့် ကျွန်တော့ရဲ့ စိတ်အာရုံကတော့ ရန်ကုန်မြို့ကြီးထဲမှာ ရှိမနေပါဘူး။

ဟိုးခပ်ဝေးဝေးက တိတ်ဆိတ်တဲ့၊ ကားထက် ဆိုင်ကယ်နဲ့ စက်ဘီးတွေ ပိုပေါတဲ့၊ ဆောင်းမနက်တွေဆိုရင် မြူခိုးတွေ ဝေတဲ့၊ နွေဘက်တွေဆိုရင် ဖုံထူထူ လမ်းတွေနဲ့ ရိုးပြတ်တောတွေ ပေါတဲ့ နယ်မြို့လေးရဲ့ လွန်ခဲ့တဲ့ ၃ ၄ နှစ် ကာလဆီ ပြန်ရောက်သွားမိနေတော့တယ်..

အဲဒီနေ့က

ဆုဝေကို

စတွေ့တဲ့နေ့….