Chapter 8

ဆုဝေရဲ့ မွေးနေ့

“ပွမ် ပွမ်”

“ဟာ ငါလိုးမသားလေး ဘယ်လိုမောင်းနေလဲမသိဘူး”

ကားဟွန်းတီးသံ အကျယ်ကြီး နဲ့ ဘတ်စ်ကားဒရိုင်ဘာရဲ့ ရှေ့ကကားကိုဆဲတဲ့အသံကြောင့် အတွေးတွေထဲ မျောနေတဲ့ ကျွန်တော ပစ္စုပ္ပန်ဆီ ပြန်ရောက်လာခဲ့တယ်။

“အော် လက်တွေ့မှာ ဆုဝေက ငါ့ကို ခွဲသွားပြီပဲ”

တကယ်တော့ ကျောင်းပြီးတာ ၂ နှစ်လောက်ရှိပေမယ့် အခုထိ အလုပ်ရှာမရသေးတဲ့ ကျွန်တော်၊ သင်တန်းယောင်ယောင် ဘာယောင်ယောင် နဲ့ ရန်ကုန်မြို့ကြီးမှာ တက်နေပြီး အိမ်ကနေ လက်ဖြန့်တောင်းနေရတဲ့ ကျွန်တော်၊ အဆောင်မှာ ကျောတစ်ခင်းစာလေးနဲ့ ဖြစ်သလို နေနေပြီး လမ်းဘေးဆိုင်က ထမင်းနဲ့ ဟင်းတစ်ခွက်ကိုတောင် ဖျစ်ဖျစ်မည်အောင် စားနေရတဲ့ ကျွန်တော့ကို ဆုဝေ စိတ်မရှည်ပေးနိုင်တော့တာ မဆန်းပါဘူး။

ငွေမက်တယ်လို့လဲ မမြင်မိပါဘူး။ ဒီခေတ်ကြီးထဲမှာ အားကိုးလောက်စရာ အရည်အချင်းရှိတဲ့ ယောက်ျားမှ မဟုတ်ရင် မိန်းကလေးဘက်ကလဲ စဉ်းစားတော့မှာပဲကိုး။ အခုတောင်မှ ဘတ်စ်ကားစီးနေရတဲ့ ကျွန်တော့ကို ငယ်ငယ်ကတည်းက ကိုယ်ပိုင်ကား ကိုယ်ပိုင်တိုက် နဲ့ နေနိုင်ခဲ့တဲ့ ဆုဝေ မရွေးချယ်ခဲ့တာ အပြစ်တင်စရာလဲ မရှိပါ။

“ကဲ လှည်းတန်း ရောက်ပြီ လှည်းတန်း”

ကားစပါယ်ရာအသံကြောင့် အတွေးစတွေ ပြတ်သွားတယ်။ အော် လှည်းတန်းတောင် ရောက်လာပြီပဲ။ ဘာလုပ်ရမှန်းမသိ ဘယ်သွားမှန်းမသိတဲ့ ခြေဦးတည့်ရာ ထွက်လာခဲ့တာမို့ လှည်းတန်းမှာပဲ ခဏဆင်းလိုက်မယ် ဆိုတဲ့ စိတ်ကူးပေါ်လာလို့ ကားပေါ်ကနေ အပြေး ဆင်းလိုက်မိတယ်။

“အာ Shit”

“Oh sorry sorry”

ကတိုက်ကရိုက် ကားပေါ်က အဆင်း၊ မိုးရွာထားပြီး ရေအိုင်နေတဲ့ ချိုင့်ကွက်ထဲ တည့်တည့် ခြေထောက်ချမိပြီး ပလက်ဖောင်းပေါ်မှာ ကားစောင့်နေတဲ့ ကောင်မလေးတစ်ယောက်ို သွားစင်မိတာပါ။ သူ့ထဘီ နီနီလေးမှာ ဗွက်ရေလေးတွေ နည်းနည်းပေသွားတယ်။ ကောင်မလေးက ကျွန်တော့ကို မကျေမနပ် ပွစိပွစိနဲ့ ကြည့်တယ်။ ကျွန်တော်လဲ တောင်းပန်လိုက်ရတာပေါ့။

“တောင်းပန်ပါတယ်ဗျာ မတော်တဆပါ”

ကျွန်တော်လဲ တောင်းပန်ပြီးပြီးချင်းပဲ လှည့်ထွက်ခဲ့လိုက်တယ်။ ကလေးမကတော့ ပွစိပွစိနဲ့ ကျန်ခဲ့လေတယ်။

အင်း.. အဲဒီနေ့ကလဲ ဆုဝေက အခုလိုပဲ ထဘီ အနီရောင်လေးနဲ့..

“လင်း မနက်ဖြန် ဆုဝေမွေးနေ့ မနက်စောစော ဘုရားသွားရအောင်၊ အိမ်ကိုတော့ သူငယ်ချင်းတွေနဲ့လို့ ပြောထားတယ်၊ ဘေဘေးလဲ အားရင် လိုက်စောင့်ပေးမယ်တဲ့၊ တော်ကြာ အိမ်က ၂ ယောက်တည်း မိသွားရင် ငြင်းရခက်မှာစိုးလို့”

ထုံးစံအတိုင်း ကျွန်တော်တို့ Gtalk ကနေ ပြောနေကြတာပါ။ မတွေ့ရတဲ့ ရက်တွေမှာ အလွမ်းသည်နည်းပေါ့လေ။ စိတ်ထဲကတော့ ဒီ ဘေဘေးကတော့ လိုက်ရှုပ်ပြန်ပြီ၊ ကောင်မလေးနဲ့ ၂ ယောက်ထဲ ကြည်ကြည်နူးနူး ဘုရားတက်ရမှာကို လို့တွေးလိုက်မိသေးတယ်။ တစ်ဘက်ကလဲ အေးလေ သူ့ဟာသူ နေလို့ရတာကို ငါတို့သွားဖို့ မနက်စောထပြီး လိုက်ကူညီတာ ကျေးဇူးတောင် တင်ရဦးမယ် လို့လဲ ပြန်တွေးမိလိုက်တော့ အဆင်ပြေသွားတယ်။

“အိုကေ ဆုဝေ မနက်စောစော စောင့်နေမယ် ဘယ်ကစောင့်နေရမလဲ”

“ဘေဘေးတို့ လမ်းထိပ်က စောင့်နေလိုက် ဆုဝေအိမ်နားမလာခဲ့နဲ့ ဘေဘေးက ဆုဝေကို လာခေါ်ပြီးရင် အဲ့ဘက်ကပဲ ဘုရားကို ပြန်သွားမှာမို့”

“အိုကေ ဆုဝေ”

နောက်နေ့မနက်ရောက်တော့ ကျွန်တော်လဲ ကော်လံကတုံး နဲ့ ပုဆိုးလေးနဲ့ ချစ်သူလေးကို စောင့်နေရတာပေါ့။ ဆိုင်ကယ်ခြင်းထဲမှာတော့ ချစ်သူအတွက် ကိတ်မုန့်လေး နဲ့ ပန်းစည်းလေး ရယ် အင်္ကျီ အိတ်ကပ်ထဲမှာတော့ ဝယ်ထားတဲ့ လက်ဆောင် သေးသေးလေး တစ်ခုရယ်။

ကျွန်တော်ရောက်လာတာ နည်းနည်းနောက်ကျလို့ပဲလားမသိ၊ ဘေဘေးထွက်သွားတာ မတွေ့လိုက်ဘူး။ အိမ်ချင်းက ၁၀ မိနစ်လောက် ဆိုင်ကယ်မောင်းရတော့ ကျွန်တော်မလာခင် ထွက်သွားပြီး ဆုဝေကို သူ့အိမ်မှာ စောင့်နေတာ ဖြစ်မယ်ထင်တယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲ ခဏနေတော့ ဘေဘေးဆိုင်ကယ် မောင်းလာတာကို လှမ်းတွေ့လိုက်တယ်။ အနောက်မှာတော့ ကျွန်တော့ချစ်သူ ဆုဝေ။

ကျွန်တော့်ကို မျက်စပစ်ပြီး လိုက်လာခဲ့ဖို့ အချက်ပြပြီး ဆက်မောင်းသွားကြတယ်။ ဆုဝေကတော့ ကျွန်တော့်ဆိုင်ကယ်ခြင်းထဲက ပန်းစည်းကိုတွေ့ပြီး မျက်နှာဝင်းလက်သွားတာ သတိထားမိလိုက်တယ်။ ပန်းမကြိုက်တဲ့ မိန်းကလေးရယ်လို့ ဘယ်မှာ ရှိမလဲနော်။

သူတို့ဆိုင်ကယ်နောက်ကနေ မောင်းလိုက်ခဲ့ရင်း ခဏနေတော့ ဘုရားရင်ပြင်တော် ခြေရင်းကို ရောက်တယ်။ ဆိုင်ကယ်ပေါ်ကဆင်း၊ အပ်တဲ့နေရာမှာ အပ်၊ ပန်းစည်းနဲ့ ကိတ်မုန့်လေး ကိုင်ပြီး သူတို့ဆီလျှောက်သွားတော့ ဆုဝေတို့လဲ ဆိုင်ကယ်အပ်ပြီး လုံချည်ပြင်ဝတ် ဆံပင်ဘာညာသပ် နှုတ်ခမ်းနီ ပြန်ဆိုးပေါ့။

အော် မိန်းကလေးတွေများ ဟိုနားဒီနားတောင် အလှပြင်သေးနော်။ တွေးနေရင်း ကြည့်လိုက်မိတော့ အမယ် ငတိမ ၂ ယောက်က ဆင်တူ ဝတ်ထားတာကိုးဗျ။ ထဘီအနီဆင်တူ အပေါ်က အကျီကလဲ အနီဖျော့ ဆင်တူ ခါးတိုလေးတွေ၊ ဖြူဖွေးတဲ့အသားလေးတွေ ခါးမှာပေါ်နေတာကလဲ ဆင်တူ။ အင်း ငါသာ ကျွဲဆို ၂ ကောင်လုံးကို ပြေးခွေ့ပလိုက်တယ်၊ ကျနော်လဲ ခပ်ရွတ်ရွတ်တွေးပြီး လျှောက်သွားလိုက်တယ်။

“Happy Birthday My Baby ဆုဝေ”

ဆုတောင်းပေးရင်း လက်ထဲက ပန်းစည်းကို ပေးလိုက်တော့ ဆုဝေပျော်သွားတယ်။ 

“Thanks လင်း”

ကံကောင်းချင်တော့ ကျွန်တော်ကလဲ ပန်းစည်းကို နှင်းဆီပန်း နီနီရဲရဲတွေပဲ စည်းထားပေးလိုက်တော့ ဝတ်စုံနဲ့ matching ဖြစ်သွားတာပေါ့။ 

“မွှေးနေတာပဲ ဟဲ့ ဘေဘေး မွှေးကြည့်”

သူ့ဟာသူ နမ်းရုံမဟုတ် ဘေးက သူငယ်ချင်းမကို နမ်းခိုင်းနေသေးတယ်။ ဘေဘေးကလဲ နမ်းကြည့်ပြီး “အေး မွှေးလိုက်တာ” တဲ့ ပြောပေးတယ်။ ဒါနဲ့ပဲ ကဲကဲ သွားမယ်ဆိုပြီး ဘုရားပေါ်တက်ဖို့ လုပ်ကြရော ဆိုပါတော့။

အဲဒီမှာ ဇာတ်လမ်းက စတာပဲ။